စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် 9th Global Diary Innovation Congress Asia 2026 သို့ ညွှန်ကြားရေးမှူးချုပ် တက်ရောက်ဆွေးနွေးခြင်း

နေပြည်တော်၊ ဧပြီ ၂၅

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်သည် စင်ကာပူနိုင်ငံတွင် (၂၂-၄-၂၀၂၆) ရက်နေ့မှ (၂၃-၄-၂၀၂၆) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် 9th Global Diary Innovation Congress Asia 2026 တွင် Speaker အဖြစ် ဆွေးနွေးပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ မူလတန်းကျောင်းနေအရွယ် (အသက် ၅ နှစ် မှ ၉ နှစ်) ကလေးများမှာ ခန့်မှန်းအားဖြင့် ၅ သန်းခန့်ရှိပြီး လူဦးရေစုစုပေါင်း၏ ၉ ရာခိုင်နှုန်းခန့် ပါဝင် နေပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆.၉၂ ရာခိုင်နှုန်းကို သုံးစွဲလျက်ရှိပြီး လာမည့် ၅ နှစ်အတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် လျာထားသတ်မှတ်ပြီးဖြစ်ပါကြောင်း၊ ၎င်းတွင် ကျောင်းနေအရွယ်ကလေးများ နို့တိုက်ကျွေးရေးအစီအစဉ်ပါ ထည့်သွင်းစီမံထားပါကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် အစားအသောက်လုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Minimum Compliance Points (MCP) နှင့် Risk-Based Inspection (RBI) စနစ်များကို အသုံးပြု၍ နို့ထွက်ပစ္စည်းများကဲ့သို့ အန္တရာယ်မြင့်အစားအသောက်များကို ဦးစားပေးစစ်ဆေးသွားမည်ဖြစ်ပြီး အများပြည်သူကျန်းမာရေး အပေါ် သက်ရောက်မှုမြင့်နိုင်သောအပိုင်းများတွင် အရင်းအမြစ်များကို ပိုမိုထိရောက်စွာအသုံးချလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရသစ်၏မူဝါဒအရ အစားအသောက်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုလျက်ရှိပါကြောင်း၊ ဒေသတွင်းစွမ်းရည်တိုးတက်စေရေးနှင့် အာဟာရလုံလောက်မှု မြှင့်တင် ရေးအတွက် မိတ်ဖက်ပူးပေါင်းမှုများကို အားပေးလျက်ရှိပါကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

အနာဂတ်ရည်မှန်းချက်အနေဖြင့် အစားအသောက်ထုတ်ကုန်တိုင်းကို ခြေရာခံနိုင်စေရန်၊ အန္တရာယ် သတိပေးချက်များကို အမြန်တုံ့ပြန်နိုင်စေရန်နှင့် ပြန်လည်သိမ်းဆည်းမှုများကို ချက်ချင်းဆောင်ရွက်နိုင်စေရန် စနစ်တကျတည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အစားအသောက်လုံခြုံရေးစနစ်ကို သိပ္ပံအခြေပြု ဒစ်ဂျစ်တယ်နည်းပညာများဖြင့် ချိတ်ဆက်၍ လျင်မြန်တုံ့ပြန်နိုင်သော စနစ် တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေကာ ASEAN စံနှုန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အဆိုပါလုပ်ဆောင်ချက်များသည် ပြည်သူ့ကျန်းမာရေးအတွက် ကာကွယ်နိုင်ခြင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေခြင်းနှင့် ပြည်သူများ၏ပါဝင်မှုအခန်းကဏ္ဍတိုးမြှင့်ခြင်းတို့ကို အထောက် အကူပြုမည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အာရှဒေသနှင့် အပြည်ပြည်ဆိုင်ရာ နို့ထွက်ပစ္စည်းနှင့် အစားအစာကဏ္ဍမှ အစိုးရအဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းဦးဆောင်သူများနှင့် ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။