ညွှန်ကြားရေးမှူးချုပ်မှ ADVIN (advanced innovation) Solution, CJSC FACTORY တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ အောက်တိုဘာ ၇
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၃ ရက်ထိ ကျင်းပသည့် မြန်မာ-ဘယ်လာရုစ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးနှင့် ဘယ်လာရုစ်နိုင်ငံတကာ စက်မှုပြပွဲ(International Industrial Exhibition “INNOPROM. Belarus”) သို့ တက်ရောက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တွင် ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖြစ် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်မှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်သည် (၂၉-၉-၂၀၂၅) ရက်နေ့တွင် ADVIN (advanced innovation) Solution , CJSC FACTORY သို့ သွားရောက်၍ အန်သနီစ်ဂျိုးဆက် ဦးဆောင်သည့် သိပ္ပံနှင့်နည်းပညာသုတေသနပညာရှင်များနှင့်တွေ့ဆုံကာ စက်ပစ္စည်းပုံရိပ်ဖော်စက်များ အရည်အသွေး စစ်ဆေးရေး ဆောင်ရွက်နေမှု၊ မှုခင်းဆေးပညာစစ်ဆေးမှုတွင် ပုံရိပ်ဖော်စက်များ၏ နည်းပညာ ဆန်းသစ်ထုတ်လုပ်နေမှု၊ ပုံရိပ်ဖော်စက်များတွင် ဉာဏ်ရည်တုနည်းပညာဖြင့်ပေါင်းစပ်အသုံးပြုနေမှု၊ စွန့်ပစ်ဘက်ထရီများကို ဉာဏ်ရည်တုနည်းပညာပုံရိပ်ဖော်စက်ဖြင့် ပါဝင်သတ္တုပစ္စည်းများ ပြန်လည် သန့်စင်နိုင်မှု၊ ဓါတ်ရောင်ခြည်ကာကွယ်သည့် အကာအကွယ်များ ဘေးကင်းလုံခြုံမှုရှိ/မရှိ ဆန်းစစ် သည့်စက်များနှင့် စက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများအား လေ့လာခဲ့ပြီး ပုံရိပ်ဖော်စက်များ၊ မှုခင်းဆေးပညာအထောက်အကူပြုစက်များ၊ ရွေ့လျားပုံရိပ်ဖော်စက်ပစ္စည်းများနှင့် ၎င်းစက်ပစ္စည်း များထိန်းသိမ်းသည့် နည်းပညာသင်တန်းပေးနိုင်ရေးအတွက် အသေးစိတ်လေ့လာဆွေးနွေးခဲ့ပါသည်။

