မင့်စ်ရှိ Belmedpreparaty ဆေးဝါးစက်ရုံအား သွားရောက်လေ့လာ
နေပြည်တော်၊ အောက်တိုဘာ ၆
ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်သည် မြန်မာ-ဘယ်လာရုစ်ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးနှင့် ဘယ်လာရုစ် နိုင်ငံတကာ စက်မှုပြပွဲ(International Industrial Exhibition “INNOPROM. Belarus”) သို့ တက်ရောက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကိုယ်စားလှယ်အဖြစ် တက်ရောက်လျက်ရှိရာ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအစီအစဉ် တစ်ရပ်အရ (၃၀-၉-၂၀၂၅) ရက်နေ့တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ ‘Belmedpreparaty’ မြေအောက် ဆေးဝါးထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာခဲ့သည်။
လေ့လာရေးခရီးစဉ်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးစောင့်ရှောက်မှုဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာအလီယက်စန်ဒါခါဂျာရက်ဗ်နှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ဒန်းနစ် ဘာခေတို့က မြန်မာကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုတွေ့ဆုံပြီး ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
Belmedpreparaty သည် ဘယ်လာရုစ်နိုင်ငံ၏ အရေးပါသော ဆေးဝါးစက်ရုံများအနက် တစ်ခုဖြစ်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့၏ ယခုလေ့လာမှုသည် နှစ်နိုင်ငံအကြား သဘောတူညီခဲ့သည့် ဆေးဝါး၊ အထူးသဖြင့် ကင်ဆာနှင့် အရိုးအားဖြည့်ဆေးဝါးများကုန်သွယ်ရေးနှင့် မြန်မာနိုင်ငံတွင် ဆေးဝါးထုတ်လုပ်မှုများအတွက် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို လက်တွေ့အကောင် အထည်ဖော်ရန် ရည်ရွယ်ပါကြောင်းနှင့် ယခုခရီးစဉ်သည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါး ကဏ္ဍ တို့တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၏ နည်းပညာနှင့် ထုတ်လုပ်နိုင်စွမ်းကို မြန်မာနိုင်ငံဘက်မှ တိုက်ရိုက်လေ့လာခွင့်ရသည့် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

