မြန်မာနှင့် ဘယ်လာရုစ်တို့ ကုန်သွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခြင်း

နေပြည်တော်၊ အောက်တိုဘာ ၆

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၊ နံနက် ၁၁ နာရီတွင် မြန်မာ-ဘယ်လာရုစ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန(MOFA) ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားလှယ်အဖြစ် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့် ပါဝင်ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်ခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့နှင့်လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌ အဓိကအနေဖြင့် CT စက်များ ဝယ်ယူရေးတွင် မြန်မာနိုင်ငံမှ ၆၄ ဆလိုက် CT ပုံသေစက်များ ဝယ်ယူရေးအတွက် ဈေးနှုန်း (Quotation)၊ ငွေပေးငွေယူ (Transaction)၊ သယ်ယူပို့ဆောင်ရေး (Logistic) နှင့် ပြုပြင်ထိန်းသိမ်းမှု (Maintenance) စသည့် ကိစ္စရပ်အားလုံး အောင်မြင်ရေးကိုလည်းကောင်း၊ နားလည်မှုစာချွန်လွှာ (MoU) ဆက်လက်ပြုလုပ်ရန်အတွက် လက်ရှိ နားလည်မှုစာချွန်လွှာကို ဆက်လက်လုပ်ဆောင်ရန် ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်မှုများ စတင် ဆောင်ရွက်ရန်လည်းကောင်း၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအတွက် ဘယ်လာရုစ်မှ ဆေးဝါးများ၊ အထူးသဖြင့် ကင်ဆာနှင့် အရိုးအားဖြည့် ဆေးဝါးများ၊ မော်တော်ယာဉ်များ၊ စက်များနှင့် ဆေးဘက်ဆိုင်ရာကိရိယာများ ရောင်းဝယ်ရေးကိစ္စများအပြင် မြန်မာနိုင်ငံတွင် ယင်းပစ္စည်းများ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဖော်ထုတ်ရန်လည်းကောင်း၊ ဆေးဘက်ဆိုင်ရာ ဖလှယ်ရေးအစီအစဉ်များအတွက် ဆေးပညာသင်ကြားရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ နှစ်နိုင်ငံအကြား သွားရောက်လည်ပတ်ဖလှယ်သွားရန် လည်းကောင်း၊ ဆေးဝါးမှတ်ပုံတင်ခြင်းတွင် ဘယ်လာရုစ်နိုင်ငံမှ ဆေးဝါးများကို မြန်မာနိုင်ငံတွင် ပထမဦးစွာ မှတ်ပုံတင်ခြင်း (Fast-Track Registration) လုပ်ငန်းစဉ်သည် ခိုင်မာပြည့်စုံသော စာရွက်စာတမ်း (Dossiers)များ ပေးအပ်နိုင်ပါက ဆောင်ရွက်နိုင်ရန်လည်းကောင်း သဘောတူညီခဲ့ကြသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် စီးပွားရေးတိုးတက်မှုများအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာခြင်းကို ပြသနေပါသည်။