၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲအကြို ကျန်းမာရေးဝန်ကြီးဌာန၊ အလွတ်တန်းပိုက်ကျော်ခြင်း(အမျိုးသား) ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၇
ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲအကြို အလွတ်တန်းပိုက်ကျော်ခြင်း (အမျိုးသား) ဖိတ်ခေါ်ပြိုင်ပွဲကို (၇-၉-၂၀၂၄)ရက်နေ့၊ နံနက်(၉:၄၅)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ၊ လေ့ကျင့်ရေးခန်းမ(၃)၌ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ အလွတ်တန်း ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲအောင်နိုင်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများနှင့် အခြားဦးစီးဌာနများမှ အရာထမ်း/အမှုထမ်းများ တက်ရောက်အားပေးခဲ့ကြပါသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ အလွတ်တန်းပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲအောင်နိုင်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်မှ အဖွင့်အမှာစကားပြောကြားရာတွင် အလွတ်တန်းပိုက်ကျော်ခြင်း (အမျိုးသား) ဖိတ်ခေါ်ပြိုင်ပွဲကို (၇-၉-၂၀၂၄)ရက်နေ့မှ (၈-၉-၂၀၂၄)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနအသီးသီးမှ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး မြန်မာ့ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာရေးနှင့် ထူးချွန်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ ထူးချွန်သူအားကစားသမားများကို အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၊ အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲနှင့် အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများအတွက် စခန်းသွင်းလေ့ကျင့်ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးဝန်ကြီးဌာန ပိုက်ကျော်ခြင်းအသင်းအနေဖြင့် ရွေးချယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အနိုင်ရရှိသည့်အသင်းများကိုလည်း ပထမ၊ ဒုတိယ၊ တတိယဆုတံဆိပ်များနှင့် ဆုကြေးငွေများကို ထိုက်ထိုက်တန်တန်ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ အားကစားသမားများမှလည်း မိမိတို့၏အစွမ်းအစအရည်အသွေးများကို အစွမ်းကုန် ထုတ်ဖော်ပြသ၍ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အနိုင်မခံအရှုံးမပေး အကောင်းဆုံး ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲများမှတစ်ဆင့် မြန်မာ့လက်ရွေးစင်အသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင်ကြိုးစားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင် အားကစားသမားများကို လိုက်လံနှုတ်ဆက်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲတွင် အုပ်စု(က)နှင့်အုပ်စု(ခ)ဟူ၍ ခွဲထားပြီး အုပ်စု(က)တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(A)၊ ကုသရေးဦးစီးဌာန(B)နှင့် ဆေးသုတေသနဦးစီးဌာနအသင်းတို့ ပါဝင်ပြီး အုပ်စု(ခ)တွင် ကုသရေးဦးစီးဌာန(A)၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(B)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန(C)အသင်းတို့ ပါဝင်ကာ ပထမနေ့ပွဲစဉ်များအနေဖြင့် အုပ်စုပတ်လည်ပိုက်ကျော်ခြင်းပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြပါသည်။
ထို့နောက် နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အုပ်စုပတ်လည်ပြိုင်ပွဲများပြီးဆုံးခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကာ (၈-၉-၂၀၂၄)ရက်နေ့တွင် အကြိုဗိုလ်လုပွဲ၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲအား ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။