ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြောင်းကြားချက်အရ သြစတေးလျား၊ လက်ဗီးယား၊ ဆော်ဒီအာရေးဗီးယား နိုင်ငံများတွင် Defibrotide 200 mg vials (Anti-coagulant) အမည်ဖြင့် ဆေးဝါးအတု များတွေ့ရှိရကြောင်း သိရှိရပါသည်။
Defibrotide ဆေးဝါးသည် Stem Cell အစားထိုးကုသရာမှ အသည်းအတွင်းရှိ သွေးကြောများပျက်စီး၍ သွေးခဲများဖြင့် ပိတ်ဆို့သည့်ရောဂါ (hepatic veno-occlusive disease) ကုသရာတွင်အသုံးပြုသည့် ဆေးဝါးဖြစ်ပါသည်။
Defibrotide 200 mg vials (Anti-coagulant) ဆေးဝါးအတုများကို ထုတ်လုပ်သူ နေရာတွင် GENTIUM S.R.L ဟုဖော်ပြထားပြီး၊ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် Batch No – 0286 & 0126 များကိုလည်းကောင်း၊ သြစတေးလျားနှင့် လက်ဗီးယားနိုင်ငံများတွင် Batch No- 0126 ကိုလည်းကောင်း တွေ့ရှိရပါသည်။
ထုတ်လုပ်သူအစစ်ဖြစ်သော (Genuine Manufacturer) GENTIUM S.R.L မှ လည်း ၄င်းဆေးဝါးအတုများကို ထုတ်လုပ်ထားခြင်းမရှိပါကြောင်း ထုတ်ပြန်ကြေညာထား ပါသည်။ ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုအရ ၄င်းဆေးဝါးအတုများတွင် Expected Active Ingredient ဖြစ်သော Defibrotide ပါဝင်ခြင်းမရှိသည့်အပြင် (Cladosporium sp. and Aspergillus niger) မှိုများတွေ့ရှိရကြောင်း ဖော်ပြထားပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏မှတ်တမ်းအရ မြန်မာနိုင်ငံတွင် ၄င်းဆေးဝါးမှာ မှတ်ပုံတင် ရရှိထားခြင်းမရှိပါကြောင်း အသိပေးအပ်ပါသည်။
သို့ဖြစ်ပါ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသောဝန်ထမ်းများနှင့် ပြည်သူလူထု များအကြားတွင် ၄င်းဆေးဝါးအတုဟုသံသယရှိပါက သို့မဟုတ် ၄င်းဆေးဝါးအတု အသုံးပြု မိ၍ ဆေး၏ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ကျန်းမာရေး ဌာန/ဆေးရုံ/ဆေးခန်း မှတစ်ဆင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ သတင်းပေးပို့ပေးပါရန် အသိပေးကြေညာအပ်ပါသည်။
လက်ဗီးယားနိုင်ငံတွင် တွေ့ရှိရသော DEFIBROTIDE ဆေးဝါးအတုနမူနာပုံ
Batch number: 0286, expiry date: 09/2021
သြစတေးလျားနိုင်ငံတွင် တွေ့ရှိရသော DEFIBROTIDE ဆေးဝါးအတုနမူနာပုံ
Batch number: 0126, expiry date: 08/2021