ဒီဇင်ဘာလူထုအားကစားလပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ် ပါဝင်ဆင်နွှဲ
ရန်ကုန်၊ ဒီဇင်ဘာလ(၇)ရက်။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားအားကစားစိတ်ဓါတ် အပြည့်အဝဖြင့် ပြည်သူလူထု တစ်ရပ်လုံးလှုပ်ရှားပါဝင်ဆင်နွှဲစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၅)နာရီခွဲ က ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း (အထူးတန်း) ဝင်ပေါက်ရှေ့မှ စတင်တာထွက်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့် နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်နှင့် အခြားဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် (အား/ကာ ) ခရိုင်/မြို့နယ် အရာရှိများ၊ ဖိတ်ကြားထားသူများ၊ မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူ များ၊ အ.ထ.က(၃)မင်္ဂလာတောင်ညွန့်မှ ဘင်ခရာ၊ ပန်းပွားအက ကျောင်းသူလေးများနှင့်အတူ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က သေနတ်ပစ် ဖောက်၍ စတင်တာလွှတ်ပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ပွဲကို အောင်ဆန်းအားကစားပြိုင်ဝင်း (အထူးတန်း) ဝင်ပေါက်ရှေ့မှ စတင်တာထွက်၍ ဦးထောင်ဗိုလ်အဝိုင်းမှ ကန်တော်ကြီးပတ်လမ်း၊ ကန်ရိပ်သာလမ်းအတိုင်း လက်ယာကပ်လျှောက်၍ အထက်ပန်းဆိုးတန်းလမ်းမအတိုင်း အောင်ဆန်း အားကစားပြိုင်ဝင်း အရှေ့ဝင်ပေါက်သို့ ပြန်လည်ပန်းဝင်ကာ မြိုနယ်အလိုက် လူဦးရေး ငါးသောင်း ခန့် ပြည်သူများ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ် အတွဲ (၁)၊(၂) တို့နှင့် Myanmar Fitness Dance လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပါသည်။