သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေး အတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် စျေးကွက်တွင်ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ ပူးတွဲဖော်ပြပါ အလှကုန်ပစ္စည်း(၂)မျိုးသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့် အပြင် ကျန်းမာရေးအတွက်ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးနှိုးဆော် အပ်ပါသည်။
၃။ တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။
၄။ အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီ နှင့် လက်လီလက်ကား ဆိုင် များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိ သော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက် ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)( ဃ ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန