Health products (၃)မျိုးနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန်အတွက် အသိပေးကြေငြာချက်

စင်္ကာပူနိုင်ငံရှိ Health Sciences Authority (HSA) ၏စျေးကွက်ထောက်လှမ်းခြင်းနှင့် နမူနာကောက်ယူ စစ်ဆေးခြင်းလုပ်ငန်းစဥ်တွင် Health products (၃)မျိုးကိုစစ်ဆေးရာ အနောက်တိုင်းဆေးဝါးများ ရောနှောပါဝင် နေသည်ကိုတွေ့ရှိရသဖြင့် စျေးကွက်မှ ပြန်လည်ရုတ်သိမ်းကြောင်း ထုတ်ပြန်ကြေငြာထားပါသည်။ ၄င်းတို့မှာ Pil Raja Urat Asli, XXS xtraxtrasmall နှင့် Best Nutrition Products Diabotica 500mg Capsules တို့ဖြစ်သည်။ Pil Raja Urat Asli တွင် Dexamethasone ပါဝင်နေခြင်း၊ XXS xtraxtrasmall တွင် Sibutramine ပါဝင်နေခြင်း ၊ Best Nutrition Products Diabotica 500mg Capsules တွင် Mycophenolic acid ပါဝင်နေခြင်း စသည်တို့ကိုတွေ့ရှိရပါသည်။

Dexamethasone ပါဝင်သောဆေးဝါးများကို ကြာရှည်စွာသုံးစွဲပါက သွေးပေါင်ချိန်များမြင့်တက်ခြင်း၊ သွေးတွင်းသကြားဓါတ်များမြင့်တက်ခြင်း၊ မျက်လုံးတိမ်စွဲခြင်း၊ ကြွက်သား၊အရိုးနှင့် သက်ဆိုင်သောရောဂါများ ဖြစ်နိုင်ချေများလားခြင်း၊ ရောဂါပိုးမွှားများ ဝင်ရောက်လွယ်ခြင်း နှင့် Cushing’s Syndrome စသည့်ရောဂါများကို ဖြစ်စေနိုင်ပါသည်။

Sibutramine ဆေးဝါးကိုလည်း USFDA နှင့် စင်္ကာပူနိုင်ငံ တို့မှ ၂၀၁၀ ခုနှစ်ကတည်းက စျေးကွက်အတွင်းမှ ရုတ်သိမ်းထားကြောင်းတွေ့ရှိရပါသည်။ Sibutramine ၏ဘေးထွက်ဆိုးကျိုးများမှာ နှလုံးနှင့်ပတ်သက်သည့်ရောဂါများ (heart attacks and stroke)၊ ရင်တုန်ခြင်း (palpitation)၊ ထင်ယောင် ထင်မှားဖြစ်ခြင်း (hallucination)၊ နားထဲတွင် အသံများကြားနေခြင်း (hearing voices) စသည်တို့ကိုဖြစ်စေနိုင် ပါသည်။

Mycophenolic acid ၏ဘေးထွက်ဆိုးကျိုးများမှာ ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ရောဂါပိုးမွှားများ ဝင်ရောက်လွယ်ခြင်း စသည်တို့ကို ဖြစ်စေနိုင်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ဆေးဝါးများကိုဝယ်ယူရာတွင် လမ်းဘေးစျေးသည်များ၊ Online Shopping များမှဝယ်ယူခြင်းကို အထူးသတိပြု ရှောင်ကြဉ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းဆေးဝါးများ သည် မည်သည့်နေရာမှထုတ်လုပ်သည်၊ မည်သို့သောနည်းလမ်းများနှင့်ထုတ်လုပ်ထားသည်၊ မည်သည့်ပစ္စည်းများ ပါဝင်နေသည်ကို အသေအချာသိနိုင်မည်မဟုတ်ဘဲ ဆေးဝါးတုများ(Counterfeits drugs)၊ ရောနှောဆေးဝါးများ (Adulterated drugs) သို့မဟုတ် စျေးကွက်ထဲမှ ရုတ်သိမ်းထားသောဆေးဝါးများ ဖြစ်နေပါက ဝယ်ယူသုံးစွဲသော ပြည်သူများ၏ကျန်းမာရေးကို ဆိုးရွားစွာအန္တရာယ်ြဖစ်စေနိုင်သောကြောင့် လမ်းဘေးစျေးသည်များ၊ Online Shopping များမှ ဆေးဝါးဝယ်ယူခြင်းကို အထူးသတိပြုရှောင်ကြဉ်ကြပါရန် အသိပေးအပ်ပါသည်။