ရွှေ့လျားဓါတ်ခွဲယာဉ် (Mobile Laboratory Van) များအား တိုင်းဒေသကြီးနှင့်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်
နေပြည်တော်၊ ဒီဇင်ဘာလ (၁၁)ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ရွှေ့လျားဓါတ်ခွဲယာဉ် (Mobile Laboratory Van) (၁၄)စီးအား တိုင်းဒေသကြီးနှင့်ပြည်နယ် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရွှေ့လျားဓါတ်ခွဲယာဉ် (Mobile Laboratory Van) (၁၄)စီး အား တိုင်းဒေသကြီးနှင့် ပြည်နယ်
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများသို့ လွှဲပြောင်း ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများ ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် (တိုင်းဒေသကြီးနှင့်ပြည်နယ်) ဒေါက်တာဒေါ်ခင်ချစ်က လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ တာဝန်ရှိသူများက ရွှေ့လျားဓါတ်ခွဲယာဉ်များတွင် တပ်ဆင်ထားရှိသည့် ဓာတ်ခွဲစက်ကိရိယာပစ္စည်းများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအား ရှင်းလင်းပြသခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော်၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာတွင် –
• ပြည်သူများ နေ့စဉ်သုံးစွဲနေရသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများ၊ သောက်သုံးရသည့် ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာ ပစ္စည်းများ အရည်အသွေး ပြည့်မီ စစ်မှန်၍ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းများသည် ပြည်သူများ၏ ကျန်းမာရေးအတွက် လွန်စွာအရေးကြီးပါကြောင်း၊
• ယခုအခါ ရွှေ့လျားဓါတ်ခွဲယာဉ်များအသုံးပြု၍ စျေးများနှင့် ၎င်းပစ္စည်းများ ရောင်းချရာနေရာ များတွင် ကွင်းဆင်း သွားရောက်၍ အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊
• ရွှေ့လျားဓါတ်ခွဲယာဉ်များဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ယာဉ်အသုံးပြုမှု မှတ်တမ်း စာအုပ်(logbook) များထားရှိ၍ သွားရောက်ဆောင်ရွက်ခဲ့သည်နေရာနှင့် လုပ်ငန်း ဆောင်ရွက်မှုများကို စနစ်တကျ မှတ်တမ်းထားရှိရမည် ဖြစ်ပါကြောင်း၊
• စျေးများတွင် ကွင်းဆင်း ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများပြုလုပ်ရာ၌ တွေ့ရှိရသော အချက်များ၊ အထူးသဖြင့် သုံးစွဲပါက ဘေးအန္တရာယ်ဖြစ်စေနိုင်သောအရာများကိုတွေ့ရှိပါ ပြည်သူများ အား အသိပေးခြင်း အပါအဝင် နောက်ဆက်တွဲဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း အလေး ထား ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊
• လုပ်ငန်းဆောင်ရွက်မှုများနှင့် ရလဒ်များကို အီလက်ထရောနစ် စနစ်ဖြင့် သတင်းပေးပို့ခြင်း၊ စဉ်ဆက်မပြတ် သုံးသပ်ဆန်းစစ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုပထမ (၆)လတာကာလအတွင်း ဆောင်ရွက်ထားရှိမှုများကို ရွှေ့လျားဓါတ်ခွဲယာဉ်များ၏ တာဝန်ခံများ နှင့် တွေ့ဆုံ ဆွေးနွေးခြင်း တို့ကို ပြုလုပ်၍ လုပ်ငန်းဆောင်ရွက်မှု ပိုမိုအဆင်ပြေ ချောမွေ့စေရန် လုပ်ငန်းလမ်းညွှန်များကို လိုအပ်သလို ပြုပြင် မွမ်းမံ ဖြန့်ဝေကာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
• လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ဝန်ထမ်းများအချင်းချင်း အနေဖြင့်လည်း ပူးပေါင်း ပါဝင်၍ ကွန်ရက်သဖွယ် အားကောင်းစွာ ချိတ်ဆက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် အစားအသောက်၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများအား ခေတ်နှင့်အညီ မွမ်းမံပြင်ဆင်ရေးဆွဲနိုင်ရန် ကိစ္စရပ်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
• ဝန်ထမ်းများအတွက် အစားအသောက်၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများဆိုင်ရာ စွမ်းရည်မြှင်သင်တန်းများကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် ပြည်သူများတွင် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများနှင့် ပတ်သက်သော ကျန်းမာရေးအသိပညာ ကြွယ်ဝမြင့်မားစေရေးကိုလည်း အထူးအလေးပေး ဆောင် ရွက်လျက်ရှိပါကြောင်း၊
• အခြေခံကျန်းမာရေး ဝန်ထမ်းများထံ ဖြန့်ဝေပေးအပ်လျက်ရှိသည့် Mobile Tablet များကို ပြည်သူများအား အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများနှင့် ပတ်သက်သော ကျန်းမာရေးအသိပညာပေးရာတွင် အားဖြည့် အသုံးပြုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
• လူစည်ကားရာ စျေးများတွင် တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေး စကားဝိုင်းများ ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏လုပ်ငန်းများ ကို ဦးစားပေးအနေဖြင့် ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(တိုင်းဒေကြီးနှင့်ပြည်နယ်) ဒေါက်တာဒေါ် ခင်ချစ်နှင့် တာဝန်ရှိသူများက ရွှေ့လျားဓါတ်ခွဲယာဉ်များနှင့် ပတ်သက်သော အချက်အလက်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းလိုအပ်ချက်များ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။
အဆိုပါ ရွှေ့လျားဓါတ်ခွဲယာဉ်များသည် (တပ်ဆင်ထားရှိသော ပစ္စည်းများအပါအဝင်) တန်ဖိုး အားဖြင့် ငွေကျပ် သိန်း (၁၅၀၀) ခန့် တန်ဖိုးရှိပြီး အစားအသောက်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများတွင် ဓာတုဆိုးဆေး၊ ပိုးသတ်ဆေးကြွင်း၊ မှိုဆိပ် နှင့် စားသုံးရန်မသင့်သော တာရှည်ခံဆေး အစရှိသည့် ပြည်သူများ၏ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် အရာများ ပါဝင်မှု ရှိ/မရှိကို ပိုမိုကျယ်ပြန့်ထိရောက်စွာ စျေးကွက်အတွင်းထိတိုင် ရွှေ့လျားကွင်းဆင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူများအတွက် စစ်ဆေးပေး နိုင်မည် ဖြစ်ပြီး တွေ့ရှိရလဒ်များကို အချိန်နှင့် တစ်ပြေးညီ ပြည်သူများသို့ အသိပေးသွား မည်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၁) ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
Credit : MinistryOfHealthAndSportsMyanmar Facebook Page