အသိပေးကြေညာချက်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အမျိုးသားအစားအသောက်ဥပဒေပါ ရည်ရွယ်ချက်များအားအခြေခံ၍ နိုင်ငံတော်အတွင်း ထုတ်လုပ်တင်သွင်းရောင်းချလျက်ရှိသော အစား အသောက်များ၏ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ ကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အစားအသောက်ထုတ်လုပ်တင်သွင်းရောင်းချ သူများမှလည်း ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေးအတွက် အသင့်ထုပ်ပိုး အစားအသောက်များ၏ အမှတ်တံဆိပ်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ မဖြစ်မနေဖော်ပြရန် သတ်မှတ်ထားသည့်ဖော်ပြချက်များမှ ထုတ်လုပ်သည့်လုပ်ငန်းအမည်၊ လိပ်စာ၊ ပါဝင်ပစ္စည်းဖော်ပြချက်နှင့် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲများ ဖော်ပြရမည်ဖြစ်ပြီး ရက်စွဲ အမှတ်အသားဖော်ပြရာတွင်  အောက်ပါအတိုင်းဖော်ပြရန် အသိပေးကြေညာအပ်ပါသည်။

(က)   အစားအသောက်များ၏အမှတ်တံဆိပ်များတွင် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲများအား ဖော်ပြရာတွင် အလွယ်တကူဖယ်ရှား၍ မရနိုင်သော၊ ကွာမကျနိုင်သော၊ ခွာထုတ်ပြီးပါက ပြန်လည်အသုံးပြု၍ မရနိုင်သော နည်းလမ်းများအသုံးပြု၍ ဖော်ပြရန်၊

(ခ)    ထုပ်ပိုးခြင်း တစ်ခုထက်ပိုမိုသော အစားအသောက်များတွင်လည်း ထုတ်လုပ်ရက်စွဲ၊ သက်တမ်း ကုန်ရက်စွဲများအား ထုပ်ပိုးသည့်အလွှာအားလုံးတွင် ထည့်သွင်းဖော်ပြရန်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန